လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ (၅)ယောက်ရှိနေ ကာ အဆောက်အဦ(၁၀၀၀) လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ လော့စ်အိန်ဂျယ်လိစ် မီးသတ်ဌာန အကြီး အကဲ ကရစ္စတင်း ခရိုလေးက ပြောပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲလုပ်နေစဉ်မှာပဲ ဟောလိ၀ုဒ် ကုန်းမြင့် ဒေသမှာ နောက်ထပ် တောမီးတစ်ခု ထပ်မံ လောင်ကျွမ်းနေလို့ မီးငြှိမ်းသတ်ရေးအတွက် ခရိုလေးဟာ သတင်းစာ ရှင်းလင်းပွဲကနေ ချက်ချင်း ထွက်ခွာသွားခဲ့ရပါတယ်။ လော့စ်အိန်ဂျယ်လိစ်တစ်ခွင် တောမီးလောင်မှုအတွင်း အီတန်ဒေသက လူပေါင်း (၁၀၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး မီးအကြီးအကျယ် လောင် ကျွမ်းခဲ့တဲ့ ပယ်လီဆေ့ဒ်ဒေသက လူပေါင်း (၃၇၀၀၀)လောက်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ထားရပါတယ်။
အင်္ဂါနေ့က မီးဘေးစတင်ခဲ့တဲ့ ပယ်လီဆေ့ဒ်ဒေသဟာ လော့စ်အိန်ဂျယ်လိစ်သမိုင်းမှာ ဖျက်အားအပြင်းဆုံး မီးဘေး ကြီး ဖြစ်ခဲ့ပါတယ်။ တောမီးငြှိမ်းသတ်နေစဉ်အတွင်း လော့စ်အိန်ဂျယ်လိစ် မီးသတ်သမားတွေဟာ ရေပြတ်လပ်မှုနဲ့ ကြုံခဲ့ကြရပါတယ်။ အဲဒီဒေသမှာ ရာသီအလိုက် တောမီးတွေ လောင်လေ့ရှိပေမဲ့ အခုကြုံရတဲ့ တောမီးကတော့ စိုးရိမ်ထိတ်လန့်ဖွယ် အကောင်းဆုံး တောမီးလို့ ဘီဘီစီရဲ့ ဒေသခံသတင်းထောက်က ပြောပါတယ်။ တောမီး စတင် လောင်ကျွမ်းနေချိန် မြို့မှာ ရှိမနေခဲ့တဲ့အပေါ် လော့စ်အိန်ဂျယ်လိစ်မြို့တော်ဝန် ကယ်ရန် ဘတ်စ်က သူဟာ အာဖရိကကို ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ခရီးစဉ်သွားရောက်နေခဲ့တာကြောင့်လို့ ကာကွယ်ပြောဆိုထားပါတယ်။
ဘတ်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက မီးသတ်ဌာနရဲ့ ဘတ်ဂျက်ထဲကနေ အမေရိကန် ဒေါ်လာ(၁၇)သန်းလောက် ဖြတ်တောက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လေပြင်း ဆက်တိုက်နေပြီး မီးအား ဆက်ကောင်းနေတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့နဲ့ တောမီးထိန်းချုပ်ငြှိမ်းသတ်ရေးအတွက် ဒေသတွင်းသာမက နိုင်ငံတစ်ဝန်းက မီးသတပ်သမားတွေပါ ပါဝင် အားထုတ်နေကြတယ်လို့ မြို့တော်ဝန် ကယ်ရန် ဘတ်စ်က ပြောပါတယ်။