မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ကုမ္ပဏီတွေနဲ့ မလေးရှားနိုင်ငံရောက် မြန်မာပရဟိတအသင်းတွေက မြန်မာနိုင်ငံက ရေဘေးသင့်ဒေသတွေကို လှူဒါန်းတဲ့ ပစ္စည်းနဲ့ငွေကြေးတွေ ပေးအပ်ခဲ့တယ်လို့ သက်ဆိုင်ရာ သံရုံး အသီးသီးက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စက်တင်ဘာ ၂၇ ရက်က ကျပ်သိန်း ၄၄၀ လောက်တန်ဖိုးရှိတဲ့ ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ ဘီစကစ် စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံက ရေဘေးသင့်ဒေသအတွက် အရေးပေါ် လှူဒါန်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံက တရုတ်လုပ်ငန်းရှင်များအသင်းနဲ့ တရုတ်ကုမ္ပဏီတွေကလည်း အမေရိကန်ဒေါ်လာ တစ်သောင်း၊ ကျပ်သိန်း ၄၀၀၀ နဲ့ အခြားကူညီကယ်ဆယ်ရေးပစ္စည်းများစွာလည်း လှူဒါန်းခဲ့ကာ ရေဘေးသင့်ဒေသတွေက ပြည်သူတွေလည်း ရေဘေးကို ဆောလျင်စွာ ကျော်ဖြတ်နိုင်ပြီး အိမ်ရာတွေ ပြန်လည်တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ မလေးရှားနိုင်ငံရောက် မြန်မာလူမှုရေးပရဟိတအသင်းအဖွဲ့တွေကလည်း မြန်မာနိုင်ငံရှိ ရေဘေးသင့် ဒေသတွေကို ပထမအသုတ် လှူဒါန်းတဲ့ အဝတ်အထည်၊ အနွေးထည်၊ ဖိနပ်၊ စောင် တို့ပါဝင်တဲ့ ကီလို ၅၀၀၀ ကို လည်း စက်တင်ဘာ ၂၈ ရက်က မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
အဲဒီ လှူဒါန်းပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံ တစ်ဝန်းရှိ ရေဘေးသင့်ပြည်သူတွေထံ ဆက်လက်ဖြန့်ဝေ ပေးပို့သွားမှာဖြစ်ပြီး ဒုတိယအကြိမ် ဆက်လက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။