ရန်ကုန်-မန္တလေးနဲ့ သာစည်-ရွှေညောင်ရထားလမ်းပိုင်းတွေမှာ ရေကြီးရေလျှံမှုတွေကြောင့် အဲဒီလမ်းပိုင်းတွေမှာ ရထားပြေးဆွဲမှုကို စက်တင်ဘာ ၁၁ ရက်ကစပြီး ယာယီရပ်နားထားတယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
စက်တင်ဘာ ၁၁ ရက်၊ မနက် ၆ နာရီက ရန်ကုန်ဘူတာကြီးကနေထွက်ခွာလာတဲ့ အမှတ်(၁၁)အဆန် ရန်ကုန်-မန္တလေးရထားဟာနေပြည်တော်ဘူတာကြီးကို ညနေ ၅ နာရီ ၂၂ မိနစ်မှာရောက်ရှိပြီး ရှေ့ဆက်သွားလို့မရတော့တဲ့အတွက် လိုက်ပါလာတဲ့ခရီးသည် ၁၂၈ ယောက်ကို ခရီးသည်တင်ယာဉ် ၃ သုံးစီးနဲ့ မန္တလေးကိုဆက်လက်ပို့ဆောင်ပေးခဲ့ရတယ်လို့ဆိုပါတယ်။
ရန်ကုန်-မန္တလေးနဲ့ သာစည်-ရွှေညောင်ရထားလမ်းပိုင်းတွေက ရထားလမ်းတွေမှာ ရေကြီးပြီး တံတားတွေရေထိုးနေတာကြောင့် ရေပြန်ကျသွားရင် ရထားလမ်းမြေသားတာပေါင်နဲ့ တံတားတွေရဲ့ ကြံ့ခိုင်မှုကို အသေးစိတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ ရထားလမ်းပိုင်းနဲ့တံတားတွေစစ်ဆေးပြုပြင်ပြီးရင်တော့ ရထားတွေကို ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။