မတ်လ၂၈ရက်မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးနဲ့ ပတ်သက်လို့ နောက်လာနောင်သားတွေ သိရှိနိုင်ဖို့ ပြိုပျက်ခဲ့တဲ့အဆောက်အဦနေရာတစ်ခုခုကိုသတ်မှတ်ပြီး ငလျင်ပြတိုက်တည်ဆောက်စေချင်တယ် လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူးဦးသိန်းထွန်းဦးကပြောပါတယ်။

ဧပြီ၁၉ရက်က နေပြည်တော်တိုင်းမီးသတ်ဦးစီးဌာနမှာ ပြုလုပ်တဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေထံ ဂုဏ်ပြုငွေတွေနဲ့ စားသောက်ကုန်ပေးအပ်ဂုဏ်ပြုပွဲမှာ One News ရဲ့သီးခြားမေးမြန်းမှုအပေါ် အခုလိုပြောကြားခဲ့တာပါ။
နောက်လာနောင်သားတွေအနေနဲ့ အဲဒီပြတိုက်ကိုမြင်တိုင်း မတ်လ၂၈ရက်နေ့ နေ့လယ် ၁၂နာရီ ၅၁မိနစ်မှာဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့် ပြည်သူတွေထိခိုက်ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေအမှတ်ရစေဖို့အတွက် ငလျင်ပြတိုက်ကို တည်ဆောက်စေချင်တာဖြစ်တယ်လို့ ဦးသိန်းထွန်းဦးကပြောပါတယ်။

ဒါ့အပြင် ငလျင်နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုဖော်ထုတ်ပြီး မျိုးဆက်သစ်တွေသိရှိနိုင်ရေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လိ့်လည်း ဦးသိန်းထွန်းဦးက ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် လူထောင်နဲ့ချီသေဆုံးပြီး ဒဏ်ရာရရှိခဲ့သလို သာသနိကအဆောက်အအုံတွေ၊ နိုင်ငံပိုင်အဆောက်အဦတွေ၊ လမ်းတံတားတွေ၊ ပြည်သူတွေရဲ့ အိုးအိမ်တိုက်တာတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။