မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားဝတ်စုံမှန် သတ်မှတ်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးတွေအလိုက် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုတွေကို ကွင်းဆင်းသုတေသနပြု စိစစ်လေ့လာသွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။

တိုင်းရင်းသားဝတ်စုံတွေနဲ့ပတ်သက်ပြီး လွဲမှားမှု မရှိစေဖို့နဲ့ ဝတ်စုံတွေရဲ့ဇာစ်မြစ်ကို စိစစ်လေ့လာတင်ပြနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသား ဝတ်စုံမှန်တွေ ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ ပထမအကြိမ် ဝတ်စုံ(၁၀)မျိုးကို မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကို အတည်ပြုဖို့ ပေးပို့တင်ပြထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက တိုင်းရင်းသားလူမျိုးတွေရဲ့ ဝတ်စုံမှန်တွေ မှန်ကန်မြန်ဆန်စွာ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုဆောင်ရွက်ရာမှာ တတ်သိနားလည်တဲ့ပညာရှင်တွေ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ သက် ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး တချို့တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့ကြတဲ့ ဝတ်စုံတွေဟာ ခေတ်နဲ့ မလျော်ညီတဲ့အတွက် ခေတ်အလိုက်ပြောင်းလဲလာတဲ့ ရိုးရာဝတ်စုံတွေကို စာရင်းပြုစု ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝတ်စုံတွေကို စာသားနဲ့ဖော်ပြတာတွေ အပါအဝင် ဝတ်စုံအမျိုးအစား တစ်ခုချင်းစီ၊ အမျိုးသား/ အမျိုး သမီး ဝတ်စားဆင်ယင်ပုံတွေ၊ ဝတ်ဆင်တဲ့နည်းစနစ်အဆင့်ဆင့်တွေကို နောက်ခံအပြာရောင်နဲ့ ဓာတ်ပုံတွေ၊ ဗီဒီယို အတိုတွေ ရိုက်ကူးပြီး သတ်မှတ်စံနှုန်းတွေနဲ့အညီ ပေးပို့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပေးပို့လာတဲ့ အချက်အလက် မှတ်တမ်းတွေကို မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကို ပေးပို့ တင်ပြပြီး မှတ်တမ်းစာအုပ်တွေ ထုတ်ဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။




