စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်နဲ့မော်လိုက်မြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန် နေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေကို အသင့်စုဖွဲ့ထားတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက်၊ မနက် ၆ နာရီခွဲအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော် လွန် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဖောင်းပြင်မြို့နယ်မှာ မီးသတ်တပ်ဖွဲ့က သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး မြစ်ကမ်းဘေးနဲ့ မြေနိမ့် ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အသိပေး နှိုးဆော်နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေ ဆောင်ရွက်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စုဖွဲ့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မော်လိုက်မြို့နယ်အတွင်းမှာလည်း ချင်းတွင်းမြစ်ရေဟာ မြေနိမ့်ပိုင်းနေရာတွေကို စတင် ဝင်ရောက်နေ တာကြောင့် ရေဘေးသင့်ပြည်သူတွေ နေထိုင်နိုင်ရေး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၁၁ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ် ရေမှတ်အထက်ကို ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာက ထုတ်ပြန်ထားပါတယ်။