အသင်းကို နောက်ကျပြီးမှ ရောက်ခဲ့တဲ့အတွက် အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဂီတာဖေးအသင်းကို အနိုင်ရ တဲ့ ပွဲထွက်စာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ မန်ယူကနေ ဘာစီလိုနာကို အငှားနဲ့ ရောက်နေတဲ့ ရက်ရှ်ဖို့ဒ်ဟာ စပိန်တောင်ပံတိုက်စစ်မှူး ယာမယ် ဒဏ်ရာရနေချိန် အသင်းရဲ့ပွဲထွက်စာရင်းမှာ နေရာရလာခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကြားရက်မှာ ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်း အတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို ချီးကျုးမှုတွေရှိခဲ့တာပါ။ ဒါပေမယ့် တနင်္ဂနွေညက ကစားခဲ့တဲ့ ဂီတာဖေးအသင်းနဲ့ပွဲထွက်လူစာရင်းမှာ ရက်ရှ်ဖို့ဒ် မပါလာဘဲ စပိန် တိုက်စစ်မှူး ဖာရန်တောရက်စ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရတော့ အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ ပွဲနေ့မတိုင်ခင်မှာ ပြုလုပ်လေ့ရှိတဲ့ အသင်းတွေ့ဆုံမှုကို နောက်ကျပြီးမှ ရောက်လာတဲ့အတွက် စည်းကမ်းတင်း ကျပ်တဲ့ နည်းပြ ဟန်ဆီဖလစ်ခ်က အခုလို ပွဲထွက်စာရင်းကနေ ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းမှာရှိစဉ်တုန်းကလည်း အခုလိုမျိုး အသင်းတွေ့ဆုံမှုကို နောက်ကျ ပြီးမှ ရောက်လာခဲ့ဖူးသလို အဲ့ဒီအချိန်တုန်းက မန်ယူနည်းပြဖြစ်တဲ့ တန်ဟတ်ရဲ့ သတိပေးခြင်းကို ခံထားခဲ့ရဖူးတာ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ဟာ အသင်းအတွက် စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ချမှတ်ထားသလို စည်းကမ်းချိုးဖောက်သူတွေကိုလည်း အရေးယူမှုတွေ ပြုလုပ်လေ့ရှိသူဖြစ်ပါတယ်။




