အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)ရဲ့ သတ္တမမြောက် Air Bus လေယာဉ်တစ်စင်း ရောက်ရှိလာတယ်လို့ မြန်မာလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)ဟာ အဲဒီ A319 လေယာဉ်တစ်စင်းကို ဇွန်လ(၂၃)ရက်က တရားဝင် လွဲပြောင်းလက်ခံရယူခဲ့တာပါ။

လေကြောင်းလိုင်းရဲ့(၃၂)နှစ်ပြည့် ပျံသန်းပြေးဆွဲမှုအဖြစ် ခရီးစဉ်တွေ တိုးမြှင့်မှာဖြစ်ပြီး အောက်တိုဘာလ နှောင်း ပိုင်းကစကာ ရန်ကုန်-ဟနွိုင်း ခရီးစဉ်၊ ရန်ကုန်-မန္တလေး-ချင်းမိုင် ခရီးစဉ်၊ ရန်ကုန်-ဒါနန် ခရီးစဉ်၊ ရန်ကုန်-ကိုးလ် ကတ္တား ခရီးစဉ်၊ ရန်ကုန်-ချန်နိုင်း ခရီးစဉ်နဲ့ ရန်ကုန်-ကွမ်းကျိုး ခရီးစဉ်တွေကို ပျံသန်းပြေးဆွဲမှာဖြစ်တယ်လို့ သိရပါတယ်။အခုလို လေယာဉ်အင်အား ဖြည့်တင်းတာနဲ့ လေယာဉ်ခရီးစဉ်တွေ ပျံသန်းမှုအကြိမ်ရေ တိုးမြှင့်တာတွေက မြန်မာ နိုင်ငံနဲ့အာရှဒေသနိုင်ငံတွေအကြား ခရီးသွားပြည်သူတွေအတွက် ယဉ်ကျေးမှုထွန်းကားရာမြို့တော်တွေ၊ အပန်းဖြေအနားယူရာ ကမ်းခြေဒေသတွေနဲ့ စီးပွားရေးဗဟိုချက်တွေကို ချိတ်ဆက်ပေးနိုင်ဖို့ အဓိက ရည်ရွယ် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှာ Airbus A319(၁)စင်းအပါအဝင် Airbus A320 အမျိုး အစား (၇)စင်း၊ Embraer E190 (၂)စင်း၊ ATR72-600 (၁)စင်း၊ Boeing737-400F အမျိုးအစား ကုန်တင်လေယာဉ် တစ်စင်း စုစုပေါင်း(၁၁)စင်းအထိ ရှိလာပြီ ဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းဟာ ရန်ကုန်နဲ့မန္တလေးလေဆိပ်နှစ်ခုမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံတစ် ဝန်းနဲ့ အာဆီယံဒေသ၊ အာရှအရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်အာရှဒေသနိုင်ငံတွေရှိ မြို့ပေါင်း(၄၂)မြို့ကို ပျံသန်းပြေးဆွဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။




