အခုနှစ် လေးလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယာဉ်တိုက်မှုနဲ့သေဆုံးသူအရေအတွက်ဟာ အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် လျော့ကျသွားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အခုနှစ် ဇန်နဝါရီလကနေ ဧပြီလကုန်ထိ တိုင်းဒေသကြီး/ပြည်နယ်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှုပေါင်း (၁၁၄၈) ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ (၆၂၂)ယောက်နဲ့ ဒဏ်ရာရရှိသူ (၁၇၀၄)ယောက် ရှိခဲ့ တာပါ။

အရင်နှစ် ကာလတူ နဲ့ နှိုင်းယှဉ်ရင်တော့ ယာဉ်တိုက်မှု (၃၄၃)ကြိမ်၊ သေဆုံးသူ (၁၆၉)ယောက်နဲ့ ဒဏ်ရာရသူ အယောက်(၅၄၀) လျော့ကျခဲ့ပါတယ်။ အခုနှစ်အတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားတာကတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေဖြစ်ပြီး လူသေဆုံးမှုကလည်း အဲဒီကြီးတွေမှာ ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အခုနှစ် လေးလတာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှု (၅၈)ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အယောက် (၂၀)နဲ့ ဒဏ်ရာရသူ (၁၅၉)ယောက် ရှိကာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ယာဉ်တိုက်မှု နဲ့ သေဆုံးသူ လျော့ကျခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။