ကိုရီးယားနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မြန်မာနိုင်ငံသူတွေအနေနဲ့ အပြန်လေယာဉ်လက်မှတ်ခ (Return Air Fee)အဖြစ် စပေါ်ငွေ ကောက်ခံတဲ့ ပုံစံကို ဩဂုတ် ၁၈ ရက်ကစပြီး ပြောင်းလဲကျင့်သုံးမယ်လို့ ဆိုးလ်းမြို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ အပြန်လေယာဉ်လက်မှတ်ခအဖြစ် စပေါ်ငွေပေးသွင်းမှုကို ငွေသားနဲ့ လက်ခံ တာအစား ဩဂုတ် ၁၈ ရက်ကစပြီး သံရုံးရဲ့ ကိုရီးယားဝမ်ငွေစာရင်းကို တိုက်ရိုက်ပေးသွင်းရမှာပါ။အခုပြောင်းလဲလိုက်တဲ့ စနစ်အရ သံရုံးဝမ်ငွေစာရင်းထဲ ငွေသားတိုက်ရိုက်ပေးပြီးရင် သံရုံးကို ကာယကံရှင် ကိုယ်တိုင်သွားပြီး ငွေသွင်းချလန် ထုတ်ယူရမယ်လို့ သိရပါတယ်။ကိုရီးယားနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မြန်မာနိုင်ငံသူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို ပြန်တဲ့အခါ လေယာဉ်လက်မှတ်ခ အခက်အခဲ မဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး Return Air Fee အဖြစ် ကိုရီးယားဝမ် ၅၇၀,၀၀၀ ကို မြန်မာသံရုံးကို စပေါ်ငွေသွင်းနေရတာ ဖြစ်ပါတယ်။

အဲဒီပေးသွင်းထားတဲ့စပေါ်ငွေကို ပေးသွင်းပြီး ၃ နှစ်ပြည့်ရင် ပြန်လည်ထုတ်ယူခွင့် ပြုထားပါတယ်။တောင်ကိုရီးယားနိုင်ငံကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီကတစ်ဆင့် EPS စနစ်နဲ့ မြန်မာလုပ်သားတွေ သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး ကုန်ထုတ်လုပ်ငန်း၊ ကျွမ်းကျင်ဂဟေလုပ်ငန်း၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဓိက လုပ်ကိုင်နေကြပါတယ်။



