မန္တလေး-ပြင်ဦးလွင် ခရီးစဉ်ကို EV Taxi ၁၉ စီးနဲ့ နေ့စဉ်ပြေးဆွဲပေးနေတယ်လို့ အဲဒီပြေးဆွဲပေးနေတဲ့ ကုမ္ပဏီကနေသိရပါတယ်။ အဲဒီ EV Taxi ပြေးဆွဲပေးနေတာကို မင်္ဂလာပါလို့အမည်ပေးထားပြီး ပြင်ပပုဂ္ဂလိကကုမ္ပဏီတစ်ခုက တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပါတယ်။
EV Taxi စီးနင်းမယ့် ခရီးသည်တွေအနေနဲ့ တစ်ရက်ကြိုတင်ပြီး ဘွတ်ကင်ပြုလုပ်ရမှာပါ။ မန္တလေးကနေ ပြင်ဦးလွင်ကို အသွားခရီးစဉ်အတွက် ခရီးသည်တစ်ယောက်ကို ကျပ်တစ်သောင်းခွဲကျသင့်မှာဖြစ်တယ်လို့လည်း ပြေးဆွဲပေးနေတဲ့ ကုမ္ပဏီကနေသိရပါတယ်။
စီးနင်းမယ့် ခရီးသည်တွေကိုတော့ အိမ်တိုင်ရာရောက် အကြို/အပို့စနစ်နဲ့ လာရောက်ခေါ်ဆောင်တာဖြစ်ပြီး မန္တလေးမြို့၊ ၃၁ လမ်း၊ ၇၉ လမ်း နဲ့ လမ်း ၈၀ ကြား၊ ဘူတာကြီးအနောက်ဘက်နဲ့ ပြင်ဦးလွင်မြို့၊ မန္တလေး-လား ရှိုးလမ်းပေါ် အောင်သမာဓိရွှေဆိုင်အနီးရှိ ကားဂိတ်တွေမှာလည်း လာရောက်စီးနင်းနိုင်တယ်လို့ဆိုပါတယ်။
EV Taxi စီးနင်းသူ ပြည်သူတွေကတော့ နေ့စဉ်များပြားပြီး တစ်စီးကိုတစ်နေ့ နှစ်ခေါက်လောက် ပြေးဆွဲနေရတာရှိတယ်လို့လည်းပြေးဆွဲပေးနေတဲ့ ကုမ္ပဏီကနေသိရပါတယ်။