ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူနိုင်တဲ့ အွန်လိုင်းလက်မှတ်နဲ့ ငွေပေးချေမှုစနစ်ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ လာမယ့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ လည်ပတ်ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ လက်ရှိမှာ ရထားလက်မှတ်တွေကို အွန်လိုင်းကနေ ဝယ်ယူနိုင်တဲ့စနစ်မှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူတွေကို စိတ်ဝင်စားမှုဖော်ပြချက်(EOI) အဆိုပြုလွှာတင်သွင်းနိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။
အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူနိုင်တဲ့စနစ်ကို ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွေမှာ ကနဦးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ရထားလက်မှတ်တွေကို ခရီးမသွားမီ ရထားဘူတာရုံ၊ လက်မှတ်ရုံတွေမှာ ကြိုတင်ပြီး လက်မှတ်ဝယ်ယူနေရတဲ့အခြေအနေကနေ အွန်လိုင်းကနေ ရထားထိုင်ခုံလက်မှတ်တွေကို အွန်လိုင်းငွေပေးချမှုနဲ့ ဝယ်ယူနိုင်ဖို့ ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ EOI အဆိုပြုလွှာ စာရွက်စာတမ်းတွေကို တစ်စုံ ကျပ် ၃ သိန်းနဲ့ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန၊ ကုန်သည်လမ်းနဲ့ ၅၁ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ ဇူလိုင်လ ၂၂ ရက်ကနေ သြဂုတ်လ ၂ ရက်နေ့အတွင်း ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမယ်လို့ သိရပါတယ်။