ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဇူလိုင်လ ၃ ရက်ကစပြီး လားရှိုး လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားတယ်လို့ ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်အရောင်း ဌာနတွေဆီက သိရပါတယ်။
လားရှိုးမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားနေပြီး လက်နက်ကြီးတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရမှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံးဒဏ်ရာရရှိမှုတွေ ရှိနေသလို လူနေအိမ်အချို့ ပျက်စီးမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။
လားရှိုးလေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရတာဟာ လားရှိုးမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့်ဖြစ်ပြီး ဘယ်တော့လောက် လေယာဉ်ခရီးစဉ်တွေ ပြန်ဖွင့်မလဲဆိုတာတော့ မသိရသေးဘူးလို့ ပြည် တွင်းပြည်ပ လေယာဉ်အရောင်းဌာနတစ်ခုက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လာရှိုးလေဆိပ်ကနေ လားရှိုး-ရန်ကုန်၊ လားရှိုး-မန္တလေး၊ လားရှိုး-တာချီလိတ်၊ လားရှိုး-မြစ်ကြီးနား၊ လားရှိုး-ဟဲဟိုး လေကြောင်းခရီးစဉ်တွေ ပျံသန်းပြေးဆွဲနေတာ ဖြစ်ပါတယ်။
လားရှိုးလေဆိပ်ကိုတော့ ပြီးခဲ့တဲ့ မတ်လအတွင်းက ပြန်လည်ဖွင့်လှစ်ကာ လေကြောင်းခရီးစဉ်တွေ ပြန်လည်ပျံသန်း ပြေးဆွဲ ခဲ့တာဖြစ်ပြီး သုံးလ ကျော်အကြာမှာ ပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။