ရထားလမ်းရေကြီးရေလျှံမှုတွေကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်နဲ့သာစည်အကြား အဆန်ရထားလမ်းပိုင်းပြန်လည်ပြုပြင်ပြီးတဲ့ဖြစ်တဲ့အတွက် လူစီးရထားနဲ့ကုန်ရထားတွေကို စက်တင်ဘာ(၂၀)ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီးရဲ့ အချို့ရထားလမ်းတာပေါင်နေရာတွေနဲ့တံတားတွေ ရေတိုက်စားပြီး ပျက်စီးခဲ့တဲ့အတွက် စက်တင်ဘာလ(၁၃)ရက်နေ့ကစတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ရာကနေ အခုပြန်လည်ပြေးဆွဲပေးတာဖြစ်ပါတယ်။
ရန်ကုန်-သာစည်ရထားလမ်းပိုင်းမှာ စက်တင်ဘာလ(၂၁)ရက်မှာလည်း အမှတ်(၁၁)အဆန်လူစီးရထားဟာ ရန်ကုန်ဘူတာကနေမနက် ၅ နာရီမှာထွက်ခွာပြီး သာစည်ဘူတာကို ည ၈ နာရီ ဆိုက်ရောက်မှာဖြစ်ပြီး အမှတ်(၁၂)အစုန်လူစီးရထားဟာ သာစည်ဘူတာကနေ မနက် ၆ နာရီမှာထွက်ခွာပြီး ရန်ကုန်ဘူတာကို ည ၉ နာရီခွဲမှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။
ခရီးစဉ်အစ အဆုံး တစ်ဦးကို အထက်တန်းလက်မှတ်ခငွေကျပ် ၁၇၀၀၀ ၊ ရိုးရိုးတန်းလက်မှတ်ခငွေကျပ် ၉၀၀၀ နှုန်းနဲ့ အရင်နှုန်းထားအတိုင်း ပြန်လည်ပြေးဆွဲပေးနေတာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် သာစည်-မန္တလေးရထားလမ်းပိုင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြုပြင်ဆောင်ရွက်နေသလို ရန်ကုန်ကနေ မန္တလေးအထိ ရထားလမ်းခရီးစဉ်တွေကိုလည်း မကြာမီမှာ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့လည်း မြန်မာ့မီးရထားကနေသိရပါတယ်။