ရန်ကုန်-မန္တလေး ရထားလမ်းမကြီးရဲ့ တစ်ချို့ရထားလမ်းတာပေါင်နေရာတွေနဲ့ တံတားတွေဟာ ရေကြီးရေလျှံမှုတွေကြောင့် ရေတိုက်စားပျက်စီးခဲ့ရတဲ့အတွက် ယာယီရပ်ဆိုင်းထားခဲ့ရပြီး လက်ရှိမှာ ရထားခရီးစဉ်တွေအမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်၊၊
ရာဂီမုန်တိုင်းရဲ့အရှိန်ကြောင့် နိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့လို့ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတွေနဲ့ ဆက်စပ်တဲ့ ရန်ကုန်-မန္တလေးနဲ့ သာစည်-ရွှေညောင် ရထားလမ်းပိုင်းတွေမှာ ရထားပြေးဆွဲမှုကို စက်တင်ဘာ ၁၁ ရက်ကစပြီး ယာယီရပ်နားထားခဲ့ရတာဖြစ်ပါတယ်၊၊
လက်ရှိမှာ နေပြည်တော်တပ်ကုန်းနဲ့ မန္တလေး-သာစည်အနီး ရေတိုက်စားခံခဲ့ရတဲ့နေရာတချို့ကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အဲဒါကြောင့် သာစည်ဘူတာမှာ ယာယီရပ်နားထားရတဲ့ အစုန်ကုန်ရထားတွဲဆိုင်း ၄ ဆိုင်းနဲ့ ညောင်ရမ်းဘူတာမှာရပ်တန့်ထားတဲ့ အမှတ်(၂)အစုန်စာပို့ရထားတွေကို ရန်ကုန်ကိုဆက်လက်စေလွှတ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်၊၊
အလားတူ ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာနဲ့ ရေနီဘူတာတွေမှာရပ်တန့်ထားတဲ့ အဆန်ကုန်ရထား ၄ စင်းကိုလည်း သာစည်ဘူတာကို ရွှေ့ပြောင်းပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်၊၊
မြန်မာ့မီးရထားအနေနဲ့ ရထားလမ်းနဲ့တံတားတွေပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အားနဲ့ ထိရောက်တဲ့ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တွေနဲ့ စနစ်တကျစီမံကြီးကြပ်ဆောင်ရွက်နေပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရန်ကုန်ကနေမန္တလေးအထိ လူစီးရထားတွေနဲ့ ကုန်ရထားတွေပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်းတွေကို အမြန်ဆုံးပြုပြင်ဆောင်ရွက်နေတယ်လို့သိရပါတယ်၊၊