ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ အခုနှစ် အီတလီအိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ အီတလီအိုးပင်းချန်ပီယံဆုကို ၆ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပင်းအကြို ပြင်ဆင်မှုအဖြစ် အီတလီ အိုးပင်းကို ဝင်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုလိုမျိုး နုတ်ထွက်လိုက်ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောသွား ပါတယ်။

ကစားသမားဘဝ အကြိမ် ၁၀၀ မြောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ယှဉ်ပြိုင်ခဲ့တဲ့ မက်ဒရစ်အိုးပင်းပြိုင်ပွဲ ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီး နောက် ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားဖို့အတွက် ခန္ဓာကိုယ်ကို အနားပေးဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ဖူးပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ မွန်တီကာလိုမာစတာပြိုင်ပွဲမှာလည်း ဒုတိယ အဆင့်ကနေပဲ ထွက်ခဲ့ရတာဖြစ်သလို အခုလည်း အီတလီအိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်မှာမဟုတ်လို့ အခုနှစ် မြေစေး ကွင်းပွဲတွေမှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဂရင်းစလမ်ချန်ပီယံဆုကို ၂၄ ကြိမ်အထိ ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ ၂၀၂၃ အေတီပီဖိုင်နယ်ပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့ပြီးနောက်ပိုင်း အေတီပီတိုး တစ်ဦးချင်းချန်ပီယံဆု တွေနဲ့ ဝေးကွာနေခဲ့တာပါ။ အဲဒါကြောင့်လည်း ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဂျိုကိုဗစ်ဟာ မေလ ၂၅ ရက်မှာ စတင်မယ့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ အနိုင်ရပြီး ကစားသမားဘဝ ၂၅ ခုမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။