ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ရမယ့် ဝင်ဘယ်ဒန် ဆီမီးဖိုင်နယ်ပွဲအတွက် ရာနှုန်းပြည့် ကြံ့ခိုင်မှု ရှိတယ်လို့ ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာက ပြောပါတယ်။ ဆင်နာဟာ အခုရက်သတ္တပတ် အစောပိုင်းမှာ တံတောင်ဆစ်ဒဏ်ရာရခဲ့သလို ဒီမီထရော့ဗ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ စတုတ္ထအဆင့်ပွဲမှာလည်း လဲကျခဲ့ပြီး တံတောင်ဆစ်ကို ထိခိုက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ရှဲလ်တန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲမှာလည်း ဆင်နာဟာ ညာဘက်လက်မှာ အကာအကွယ် လက်ပတ်ကို ဝတ်ဆင်ထားခဲ့တာကို တွေ့ရပါတယ်။ ကွာတားဖိုင်နယ်ပွဲအထိ အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီးယှဉ်ပြိုင်ခဲ့ရပေမယ့် ဒဏ်ရာနာကျင်မှုက တဖြည်းဖြည်းနဲ့ သက်သာစပြုလာပါပြီလို့ ရှဲလ်တန်နဲ့ပွဲအပြီးမှာ ဆင်နာကပြောသွားပါတယ်။

ရှဲလ်တန်နဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားရဲ့ စပေးဘောတွေကို တားဆီးရာမှာအခက်အခဲရှိခဲ့တယ်လို့ ဆင်နာက ဝန်ခံသွားခဲ့ပြီး ဒါဟာ ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘဲ နည်းစနစ်ပိုင်းနဲ့သာ ဆိုင်ပါတယ်လို့ ရှင်းပြသွားပါတယ်။ ကြာသပတေး နေ့တစ်ရက်အနားရပြီး သောကြာနေ့မှ ဆီမီးဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်လည်း ကြံ့ခိုင်မှုအတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဆင်နာက ယုံကြည်နေပါတယ်။




