ဆယ်ကျော်သက် တာတိုအပြေးသမား ဂေါက်ဂေါက်ဟာ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ပြိုင်မယ့် ဩစတြေးလျအသင်းမှာ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၅ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့် စက်တင်ဘာလထဲ တိုကျိုမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဂေါက်ဂေါက်ဟာ အခုလ အစောပိုင်းက ပါ့သ်မြို့မှာကျင်းပခဲ့တဲ့ အမျိုးသား ပြေးခုန်ပစ်ပြိုင်ပွဲရဲ့ မီတာ ၂၀၀ ပြေးပွဲမှာ ၁၉ ဒသမ ၈၄ စက္ကန့်နဲ့ သူ့ရဲ့ကစားသမားဘဝ ပထမဆုံး ချန်ပီယံဆုကို ရရှိထားခဲ့တာဖြစ်ပါတယ်။ ဂေါက်ဂေါက်ရဲ့ အခုလို စွမ်းဆောင်မှုကြောင့် တာတိုဘုရင်လို့ တင်စားတာခံထားရတဲ့ ဂျမေကာနိုင်ငံသား အူစိန်ဘော့နဲ့တောင် ခိုင်းနှိုင်းတာကို ခံခဲ့ရပါတယ်။ တိုကျိုမှာ ကျင်းပမယ့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ မီတာ ၂၀၀ ပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတော့မှာဖြစ်လို့ အထူးပဲစိတ်လှုပ်ရှားမိပါတယ်လို့ ဩစတြေးလျပြေးခုန်ပစ်အသင်း ကြေညာချက်မှာ ဂေါက်ဂေါက်က ပြောထားပါတယ်။

ဩစတြေးလျပြေးခုန်ပစ်အသင်းမှာ ဂေါက်ဂေါက်လိုပဲ နောက်ထပ် ဆယ်ကျော်သက် ကစားသမားဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် အပြေးသမား မိုင်ယာလည်း ပါဝင်လာမှာဖြစ်သလို ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်မှာ တတိယကြေးတံဆိပ်ဆုရခဲ့တဲ့ အမြင့်ခုန်အားကစားမယ် ပတ်တာဆန်လည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။