နယူးကာဆယ်အသင်းနဲ့ အနာဂတ်မငြိမ်မသက်ဖြစ်နေတဲ့ တိုက်စစ်မှူး အီဆက်ခ်ဟာ ဩဂုတ်လ ၁၉ ရက်ညပိုင်း မှာ ပြုလုပ်မယ့် PFA အကောင်းဆုံးဆုပေးပွဲကို တက်ရောက်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရွေးချယ်ပေးအပ်မယ့် PFA ဆုပေးပွဲ အခမ်းအနားကို မန်ချက်စတာမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီဆုအတွက် ဆန်ကာတင်ကစားသမား ၆ ဦးကို ဇွန်လအတွင်း ကြေညာခဲ့ရာမှာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ အီဆက်ခ်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အီဆက်ခ်ဟာ အခုနွေရာသီမှာ လီဗာပူးအသင်းကို ပြောင်းရွှေ့ခွင့်ပြုဖို့အတွက် နယူးကာဆယ်အသင်းကို တောင်းဆိုထားပြီး နယူးကာဆယ်အသင်းရဲ့ ရာသီအဖွင့်ပွဲဖြစ်တဲ့ ဗီလာအသင်းနဲ့ပွဲမှာလည်း ဝင်ကစားခြင်းမရှိခဲ့ တာဖြစ်ပါတယ်။ ဆုပေးပွဲကျင်းပဖို့ ၂၄ နာရီအလိုအထိ စုံစမ်းသိရှိရသမျှ ဆုပေးပွဲကို တက်ရောက်ခြင်းရှိ၊မရှိ ဆိုတာကို အီဆက်ခ်ဘက်က ဆုံးဖြတ်ခြင်းမရှိသေးဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တစ်ချို့ သတင်းရင်းမြစ်တွေကတော့ အီဆက်ခ်ဟာ ဆုပေးပွဲကို မတက်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ရေးသားနေကြ ပါတယ်။ PFA ဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ ကစားသမားတွေဟာ အခမ်းအနားမစတင်မီ ၂၄ နာရီအတွင်း ဆုပေးပွဲ တက်ရောက်ခြင်းရှိ၊မရှိကို နောက်ဆုံးအကြောင်းကြား အတည်ပြုရမှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အီဆက်ခ်ဟာ လက်ရှိမှာ နယူးကာဆယ်အသင်းနဲ့ လေ့ကျင့်ခြင်းမရှိသလို အနာဂတ်ကလည်း အခုထိ မသေမချာဖြစ်နေဆဲဖြစ်ပါတယ်။