ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်အတွက် လီဗာပူးအသင်းရဲ့ ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းမှုကို နယူးကာဆယ်အသင်း ဘက်က ပယ်ချလိုက်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။သောကြာနေ့စောပိုင်းမှာ နည်းပြ စလော့ရဲ့ လီဗာပူးအသင်းက အီဆက်ခ်ကို အခုလို ကမ်းလှမ်းလိုက်တာဖြစ်ပြီး နယူးကာဆယ်အသင်းဘက်က ပေါင်သန်း ၁၅၀ လောက် မျှော်လင့်ထားတာဖြစ်လို့ ချက်ချင်း ဆိုသလိုပဲ ပယ်ချ လိုက်တာလို့ ဆိုပါတယ်။

လီဗာပူးအသင်းကလည်း လက်ရှိမှာ ဖြစ်ပျက်နေတဲ့ အီဆက်ခ်နဲ့ နယူးကာဆယ် အသင်းတို့အကြား အခြေ အနေ တွေကြောင့် အီဆက်ခ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၁၀ ထက် ပိုပေးဖို့ မရှိဘူးလို့ သိရပါတယ်။တိုက်စစ်မှူး အီဆက်ခ်ဟာ လက်ရှိမှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး နယူးကာဆယ်အသင်းမှာတောင် လေ့ကျင့်ခန်း မဆင်းဘဲ အသင်းဟောင်း ဆိုစီဒက်ရဲ့လေ့ကျင့်ရေးမှာ တစ်ယောက်တည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှူး အီကီတီကီ ကို ပေါင် ၇၉ သန်းနဲ့ခေါ်ယူထားပြီး ဖြစ်ပေမယ့် တစ်ဖက်မှာ ဘိုင်ယန် မြူးနစ်အသင်းဆီ လူးဝစ်ဒီယက်ဇ်ကို ပေါင် ၆၅ သန်းကျော်နဲ့ ရောင်းချထားတာကြောင့် တိုက်စစ်မှာ အီဆက်ခ်ကို ခေါ်ပြီး ထပ်အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ အီဆက်ခ် နေရာအစားထိုးမယ့် ကစားသမားကို ခေါ်ယူထားနိုင်ခြင်းမရှိတာကြောင့် ပေါင်သန်း ၁၅၀ မရရင် အီဆက်ခ်ကို ရောင်းချဖို့ မရှိဘဲ ဆက်ထိန်းနိုင်ဖို့ကို ကြိုးစားရတော့မှာ ဖြစ်ပါတယ်။




