အီတလီစီးရီးအေကလပ် ဂျီနိုအာအသင်းဟာ အသင်းခေါင်းဆောင် နောက်ခံလူ ဗက်စကွက်ဇ်ကို ၂၀၂၈ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

မက္ကဆီကိုလက်ရွေးစင် ဗက်စ်ကွက်ဇ်ဟာ ဂျီနိုအာအသင်း အတွက် ၁၀၈ ပွဲကစားပေးထားပြီး ၆ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ၂၀၂၁ နွေရာသီမှာ ပူးမက်စ်အသင်း ကနေ ဂျီနိုအာအသင်းကို အငှားနဲ့ရောက်လာခဲ့တဲ့ ဗက်စကွက်ဇ်ဟာ ခြေစွမ်းပြနိုင်တာကြောင့် ၂၀၂၂ ဇန်နဝါရီမှာ ဂျီနိုအာအသင်းက ယူရို ၄ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ၂၀၂၂-၂၃ ဘောလုံးရာသီ မှာ ခရီမိုနီစီ အသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားရာက ပြန်လာပြီးနောက် ဗက်ဇ်ကွက်ဇ်ဟာ ဂျီနိုအာအသင်းရဲ့ ခံစစ်မှာအရေးပါတဲ့ ကစားသမားဖြစ်လာခဲ့တာပါ။

အခုရာသီမှာတော့ ဂျီနိုအာအသင်းဟာ ဗက်စ်ကွက်ဇ်ကို အသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့သလို စာချုပ်သစ်ပါ ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ဗက်စ်ကွက်ဇ်ဟာ မက္ကဆီကိုလက်ရွေးစင်အသင်းအတွက်လည်း ၃၆ ပွဲကစားပေးထားသလို ခံစစ်မှာ အားထားရတဲ့ ကစားသမား ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဗက်စ်ကွက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီ ဆိုတာကို ဂျီနိုအာအသင်းက အသင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာအတည်ပြုကြေညာသွားခဲ့တာဖြစ်ပါတယ်။




