ဝေးလ် လက်ရွေးစင်ဟောင်း ဂါရက်ဘေးလ်က အခုနှစ်ရွှေဘောလုံဆုအတွက် ပီအက်စ်ဂျီ တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီကို ယှဉ်နိုင်မယ့်သူ မရှိဘူးလို့ ပြောသွားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အခုရာသီမှာ ပြင်သစ်ပြည်တွင်းဆုဖလားတွေ အားလုံးရခဲ့သလို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကိုလည်းရခဲ့ ပါတယ်။ ဒါ့အပြင် အခုကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကိုရောက်နေတာဖြစ်ပါတယ်။အသက် ၂၈ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီကလည်း အခုရာသီ ပီအက်စ်ဂျီအသင်းအတွက် ၅၃ ပွဲမှာ ၃၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ပေးထားနိုင်တာဖြစ်ပါတယ်။ စပါးနဲ့ ရီးရဲလ် ကြယ်ပွင့်ဟောင်း ဘေးလ်က ရွှေဘောလုံးဆုအတွက် ဒမ်ဘီလီက လွတ်လွတ်ကျွတ်ကျွတ် ရေပန်းစားနေတယ်လို့ သုံးသပ်သွားတာဖြစ်ပါတယ်။

“ တစ်ဦးချင်းထူးချွန်ဆု ဆိုပေမယ့် ပီအက်စ်ဂျီအသင်းရခဲ့တဲ့ ဆုဖလားတွေကို မေ့ထားလို့မရဘူး။ အခုသူတို့အသင်းက ကလပ်ကမ္ဘာ့ဖလားကိုလည်း ရဖို့ နီးစပ်နေပြီ။ တကယ့်ကို ခက်ခဲတဲ့ စွမ်းဆောင်မှုကို လုပ်ပြခဲ့တာပါ။ ဒီလို လုပ်ဆောင်နိုင်မှုမှာ ဒမ်ဘီလီက အဓိကကျခဲ့ပါတယ်” လို့ ဘေးလ်ကပြောသွားပါတယ်။တနင်္ဂနွေညမှာ ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာသာ ပီအက်စ်ဂျီအသင်း အနိုင်ရခဲ့မယ်ဆိုရင် နည်းပြ အင်းနရစ်ရဲ့ အသင်းဟာ အခုရာသီ ပါဝင်ယှဉ်ပြိုင်သမျှ ပြိုင်ပွဲတိုင်းကို အနိုင်ရမှုလည်း ဖြစ်လာမှာပါ။




