အာဆင်နယ်အသင်းဟာ လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန် တောင်ပံတိုက်စစ်မှူး မာဒူကီကို ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်းခွဲ နဲ့ ခေါ်ယူလိုက်ပါတယ်။အသက် ၂၃ နှစ်အရွယ် မာဒူကီဟာ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံ ချဲလ်ဆီးအသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဆီ အပြောင်းအရွှေ့ဖြစ်လာအောင် ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ အသင်းသစ်နဲ့ စာချုပ်ချုပ်ဆိုအပြီးမှာ မာဒူကီကပြောသွားပါတယ်။ ၂၀၂၃ မှာ PSV အသင်းကနေ ပေါင် သန်း ၃၀ နဲ့ ပြောင်းလာခဲ့တဲ့ မာဒူကီဟာ ချဲလ်ဆီးအတွက် ၉၂ ပွဲကစားပေးခဲ့သလို ကွန်ဖရင့်စ်လိဂ် ချန်ပီယံဆုနဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အသက် ၂၃ နှစ်ပဲရှိသေးပေမယ့် မာဒူကီဟာ ကလပ်နဲ့ လက်ရွေးစင် အတွေ့အကြုံတွေရှိထားသလို အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်လာမှာပါလို့ အာဆင်နယ်နည်းပြ အာတီတာက ပြောထားပါတယ်။

မာဒူကီဟာ အခုနွေရာသီဈေးကွက်မှာ ကီပါ၊ ဇူဘီမန်ဒီ၊ နော်ဂတ်တို့ပြီးနောက် အာဆင်နယ်အသင်းခေါ်ယူတဲ့ စတုတ္ထမြောက် ကစားသမားလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ယိုခရက်စ်နဲ့ နောက်ခံလူ မော့စ်ကွီရာတို့ကို ခေါ်ယူနိုင်ဖို့ ကိုလည်း ဆက်လက် လှုပ်ရှားနေပါတယ်။




