စပိန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ နည်းပြ တိုမီနဲ့ လမ်းခွဲလိုက်ပြီး ဘာမြူဒက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ဩဂုတ်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ စာချုပ်ပြည့်မယ့် နည်းပြတိုမီကို စာချုပ်သစ်ထပ်မချုပ်ဖို့ စပိန်ဘောလုံးအဖွဲ့ချုပ် ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ် တိုမီဟာ ၂၀၂၃ စက်တင်ဘာမှာ စပိန်အမျိုးသမီးအသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် စပိန်လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် မှတ်တမ်း ဝင်ထားခဲ့သူဖြစ်ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီမှာ စပိန်အမျိုးသမီးအသင်းကို နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် တိုမီ ဦးဆောင်နိုင်ခဲ့ပေမယ့် ၂၀၂၅ ဇူလိုင်လ ၂၇ ရက်နေ့မှာ ကစားခဲ့တဲ့ ၂၀၂၅ အမျိုးသမီး ယူရို ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ တိုမီရဲ့ အနာဂတ်က မသေမချာဖြစ်လာခဲ့တာပါ။

ပရို ပီသသလို ရည်မှန်းချက်တွေဆီကို ရောက်အောင်သွားနိုင်တဲ့ တိုမီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျေးဇူးတင် ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ အသက် ၄၀ အရွယ် စပိန်အမျိုးသမီး လက်ရွေးစင်ဟောင်း ဘာမြူုဒက်ဇ်ကတော့ ကစားသမားဘဝမှာ အောင်မြင်မှုတွေရခဲ့သလို စပိန်အမျိုးသမီး ယူ-၂၃ နည်းပြအဖြစ်ကနေ လက်ရွေးစင်အသင်းနည်းပြတာဝန်ကို ပြောင်းလဲရယူခဲ့တာလည်းဖြစ်ပါတယ်။




