အင်္ဂါညက နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမယ့် သူ့ရဲ့ နည်းပြရာထူးက စိတ်ချရတယ်လို့ စပါးနည်းပြ သောမတ်စ်ဖရန့်ခ်က ပြောလိုက်ပါတယ်။ နယူးကာဆယ်အသင်း ကို အိမ်ကွင်းမှာရှုံးတဲ့ပွဲက စပါးအသင်းရဲ့ အခုရာသီ ၁၁ ပွဲမြောက်ရှုံးပွဲလည်းဖြစ်ပါတယ်။ အခုလိုရလဒ်ဆိုးနေ တာကြောင့် ပရီးမီးယားလိဂ်ကနေ လုံးဝတန်းဆင်းရခြင်းမရှိတဲ့ အသင်း ၆ သင်းထဲက တစ်သင်းဖြစ်တဲ့ စပါး အသင်းက တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာကို ရောက်နေပါတယ်။

ဒါပေမယ့် နည်းပြ ဖရန့်ခ်ကတော့ သူ့ရာထူးနဲ့ ပတ်သက်လို့ စိတ်ချရတဲ့အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ကြောင်း နယူးကာဆယ်နဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ အသင်းရလဒ်တွေက စိတ်ပျက်စရာဖြစ်တာမှန်ပေမယ့် အသင်းပိုင်ရှင်တွေနဲ့ စကားပြောဆို ထားပြီးဖြစ်တာကြောင့် သူ့အနာဂတ်နဲ့ ပတ်သက်လို့ စိတ်ပူစရာမရှိပါဘူးလို့ နည်းပြ ဖရန့်ခ်က ပြောသွားခဲ့ ပါတယ်။ ဖိအားတွေကို ခံနိုင်ရည်ရှိဖို့အတွက် အသင်းက စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေပြီး အသင်းလိုက်ကြိုးစားအားထုတ်မှုနဲ့အတူ ရလဒ်တွေကို ပြောင်းပြန်လှန်နိုင်လိမ့်မှာဖြစ်တယ်လို့လည်း လက်ရှိ အသင်းအခြေအနေနဲ့ပတ်သက်လို့ နည်းပြ ဖရန့်ခ်က သုံးသပ်သွားပါတယ်။ အခုရာသီမှ စပါးအသင်းကို စတင် ကိုင်တွယ်တဲ့ နည်းပြဖရန့်ခ်လက်ထက် ရာသီအစ ၅ ပွဲမှာ စပါးအသင်း ရမှတ် ၁၀ မှတ်အထိ ရယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ၂၁ ပွဲမှာတော့ စပါးအသင်းက ရမှတ် ၁၉ မှတ်သာရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။




