ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုလံဘီယာတောင်ပံတိုက်စစ်မှူး ဒီယက်ဇ်ကို ပေါင် ၆၅ သန်းခွဲနဲ့ ခေါ်ယူဖို့အတွက် လီဗာပူးအသင်းနဲ့ သဘောတူညီမှုရပြီဖြစ်ပါတယ်။ အခုလအစောပိုင်းမှာ ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်က ပေါင် ၅၈ ဒသမ ၆ သန်းနဲ့ကမ်းလှမ်းမှုကို လီဗာပူးအသင်း ပယ်ချခဲ့ပြီးနောက် ဘိုင်ယန်အသင်းနောက်တစ်ကြိမ် ကမ်းလှမ်းခဲ့ရာမှာတော့ လီဗာပူးဘက်က လက်ခံလိုက်တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဒီယက်ဇ်ဟာ စနေညက ဟောင်ကောင်မှာ အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ လီဗာပူးအသင်းမှာ မပါဝင်ခဲ့သလို လာမယ့်ရက်ပိုင်း မှာပဲ အာရှခြေစမ်းခရီးကနေ ထွက်ခွာပြီး မြူးနစ်မြို့မှာ ဆေးစစ်မှုတွေ ခံယူမှာဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူး အသင်းဟာ အခုနွေရာသီမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖလိုရီယန်ဝှစ်ဇ်နဲ့ အီကီတီကီတို့ကို ခေါ်ယူထား သလို နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကိုလည်း ခေါ်ယူဖို့ကြိုးစားနေတာဖြစ်လို့ ဒီယက်ဇ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ ၂၀၂၂ ဇန်နဝါရီမှာ ပေါ်တိုအသင်းက ပေါင် ၃၇ သန်းနဲ့ ရောက်လာ တာဖြစ်ပြီး လီဗာပူးအတွက် ၁၄၈ ပွဲမှာ ၄၁ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက ဒီယက်ဇ်ဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိသွင်းယူခဲ့ပြီး ကစားသမားဘဝ အအောင်မြင်ဆုံးရာသီတစ်ခုကို ရယူထားနိုင် ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကတော့ အားထားရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မူစီယာလာ ခြေထောက်ကျိုးဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာဖြစ်လို့ ဒီယက်ဇ်ကို ခေါ်ယူလိုက်တာဖြစ်ပါတယ်။