အမ်းမရိတ်စ်အသင်းရဲ့ စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာဟာ တိုးဒီဖရန့်စက်ဘီးစီးပြိုင်ပွဲ ချန်ပီယံဆုကို ၂ နှစ် ဆက်တိုက်ရယူသွားနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ပိုဂါကာဟာ တိုးဒီဖရန့် ချန်ပီယံဆုကို ၂၀၂၀ ၊ ၂၀၂၁ ၊ ၂၀၂၄ ခုနှစ်တွေမှာ ရယူထားနိုင်ခဲ့တာဖြစ်လို့ အခုက ၄ ကြိမ်မြောက် တိုးဒီဖရန့်ချန်ပီယံဆုလည်း ဖြစ်ပါတယ်။

အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ ပိုဂါကာဟာ အဆင့် ၁၂ ထဲက ချန်ပီယံဆုအတွက် ရပ်တည်မှုမှာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အဆင့် ၂၁ ဆင့်ပြီးတဲ့အထိ ဦးဆောင်သူနေရာကို ဆက်ထိန်း သွားနိုင်တာဖြစ်ပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆင့် ၂၁ မှာလည်း ပိုဂါကာက စတုတ္ထနေရာသာ ရခဲ့ပေမယ့် အဆင့် ၂၁ ဆင့် အပြီးမှာ ၇၆ နာရီ ၃၂ စက္ကန့်ဆိုတဲ့စံချိန်နဲ့ ချန်ပီယံဆုကို ရယူသွား နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံသား ဗင်ဂီဂတ်က ၄ မိနစ် ၂၄ စက္ကန့်အကွာ ဒုတိယနေရာရခဲ့သလို ဂျာမနီ နိုင်ငံသား လီပိုဝှစ်ဇ်က ၁၁ မိနစ်အကွာနဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ တိုးဒီဖရန့်ချန်ပီယံဆုကို ၄ ကြိမ်နဲ့ စံချိန်တင်ရရှိထားတဲ့ ဗြိတိန်နိုင်ငံသား ခရစ်ဖရွန်းရဲ့ စံချိန်ကိုလိုက်မီခဲ့တဲ့ ပိုဂါကာက တိုးဒီဖရန့်ပြိုင်ပွဲ ထိပ်ဆုံး ၃ ယောက်အတွင်းမှာ ၆ နှစ်ဆက်ရပ်တည်နိုင်ခဲ့သလို ချန်ပီယံဆုကို ၄ ကြိမ်ရယူနိုင်ခဲ့တဲ့အတွက် ပြောစရာ စကားလုံးမရှိလောက်အောင် ဖြစ်ရတယ်လို့ ပြောသွားပါတယ်။