ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ချက်တူချက်အရပ်မှာ ဒီကနေ့ ဇူလိုင် ၂၈ ရက်က သေနတ်သမားတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူရှိတယ်လို့ ထိုင်းထောက်လှမ်းရေးဗြူရို(CIB)က ကြေညာပါတယ်။ ဘန်ကောက်ပို့စ် သတင်းအပါအဝင် ထိုင်းသတင်းဌာနတချို့မှာတော့ လုံခြုံရေး ၄ ယောက် သေဆုံးတယ်လို့ ဖော်ပြနေကြပါတယ်။

လက်နက်ငယ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်က ပစ်ခတ်ခံထားသူတွေလို့ ယူဆရတဲ့ လဲကျနေတဲ့ အမျိုးသားနှစ်ယောက်အနီးနားကနေ ထွက်ခွာသွားတဲ့ရုပ်သံကိုလည်း ထိုင်းထောက်လှမ်းရေးဗျူရိုက သူတို့ရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။ ထိုင်းသတင်းတွေမှာတော့ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ချက်တူချက်အရပ်က အော်တော်ပေါ်စျေးအနီး ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။ ထိုင်း CIB ကတော့ လွတ်မြောက်နေတဲ့သေနတ်သမားကို ဖမ်းမိဖို့ ရှာဖွေနေပြီလို့ ပြောပါတယ်။




