NBA အောလ်စတား အသင်းမှာ ၉ ကြိမ်ပါဝင်ခဲ့တဲ့ ကိုင်ရီ အာဗင်းဟာ ဒေါ်လာ သန်း ၁၂၀ တန် ၃ နှစ်စာချုပ်သစ် ကို ဒဲလက်စ်မားဗရစ်အသင်းနဲ့ ချုပ်ဆိုလိုက်ပါတယ်။

အခုနွေရာသီမှာ မားဗရစ်အသင်းနဲ့ စာချုပ်ပြည့်မယ့် အာဗင်းကို ခေါ်ယူချင်တဲ့အသင်းတွေ ရှိခဲ့ပေမယ့် အာဗင်းကတော့ မားဗရစ်အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေတာ ဖြစ်ပြီး စာချုပ်သစ်အရ အာဗင်းဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၄၀ ရရှိမှာဖြစ်ပါတယ်။ အာဗင်းဟာ အရွတ် ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ မတ်လထဲက အနားယူနေရတာဖြစ်ပြီး ဒဏ်ရာကနေ အမြန်ဆုံး ပြန်ကောင်းလာဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ NBA ရာသီက မားဗရစ်အသင်းအတွက် ပွဲပေါင်း ၅၀ ကစားပေးထားခဲ့တဲ့ အာဗင်းဟာ တစ်ပွဲပျမ်းမျှ ၂၄ ဒသမ ၇ မှတ် ရယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် အာဗင်း အနေနဲ့ လာမယ့်နှစ် ဇန်နဝါရီလအတွင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိတယ်လို့ မားဗရစ်အသင်းကတော့ ခန့်မှန်းထားပါတယ်။ မားဗရစ်အသင်းအနေနဲ့ ကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်မှုက အခုတစ်ပတ်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က မားဗရစ်အသင်းဟာ ဂတ်ဖို့ဒ်ကို ၃ နှစ်စာချုပ်သစ် ချုပ်ဆို ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။




