တူကီယဲကလပ် ဂါလာတာစာရေးအသင်းဟာ နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်ကို အငှားနဲ့ခေါ်ယူဖို့အတွက် နီးစပ်နေပြီလို့ စက်တင်ဘာ(၂)ရက်နေ့က ဖော်ပြတဲ့သတင်းတွေအရ သိရပါတယ်။
အိုဆင်ဟမ် ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နာပိုလီအသင်းကနေ ထွက်ခွာဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အသင်းကြီးလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါကြောင့်မလို့ တူကီယဲကလပ် ဂါလာတာစာရေးအသင်းက နာပိုလီအသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ အိုဆင်ဟမ်ကို အငှားနဲ့ခေါ်ယူဖို့အတွက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။
နာပိုလီအသင်းက အိုဆင်ဟမ်ကို အငှားလွှတ်ဖို့ ဆန္ဒရှိနေပြီး ဂါလာတာစာရေးအသင်းအနေနဲ့ ကစားသမားနဲ့သာ သဘောတူညီမှုရနိုင်ခဲ့မယ်ဆိုရင် အပြောင်းအရွှေ့က ဖြစ်လာမှာဖြစ်တယ်လို့ သိရပါတယ်။
အိုဆင်ဟမ်ဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းအပြင် ဆော်ဒီကလပ်အသင်းတွေနဲ့ သတင်းထွက်ခဲ့တာဖြစ်ပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း(၁၃၀)ရှိတယ်လို့ သိရပါတယ်။