ကမ္ဘာ့အဆင့်-၂ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ယူအက်စ်အိုးပင်း တတိယအဆင့်ကနေပဲ ထွက်လိုက် ရပြီး အခုပြိုင်ပွဲမှာ ကစားသမားဘဝ ၂၅ ခုမြောက် ဂရင်းစလမ်ချန်ပီယံဆု ရယူဖို့ မျှော်လင့်ချက်လည်း အဆုံးသတ်သွားခဲ့ပါတယ်။
အခုနှစ်ရဲ့ နောက်ဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ယူအက်စ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း တတိယအဆင့်မှာ ဂျိုကိုဗစ်ဟာ ဩစတြေးလျနိုင်ငံသား ပိုပီရင်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ဂျိုကိုဗစ်က အစောပိုင်း ပွဲလတ် ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့်လည်း အခုပွဲမှာအနိုင်ရဖို့ ပိုမိုခက်ခဲသွားခဲ့တာ ဖြစ်ပါတယ်။
ပထမ အဆင့်နဲ့ ဒုတိယအဆင့်ပွဲတွေမှာ ပြိုင်ဘက်တွေကို ၃ ပွဲပြတ်ရလဒ်တွေနဲ့ အနိုင်ရခဲ့တဲ့ ဂျိုကိုဗစ်ဟာ အခုပွဲမှာတော့ အမှားအယွင်းတွေ များခဲ့သလို ပိုပီရင်ကလည်း အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့တာပါ။
ပွဲကစားချိန် ၃ နာရီနဲ့ ၁၉ မိနစ်ကြာ ယှဉ်ပြိုင်အပြီးမှာတော့ ပိုပီရင်က (၆း၄၊၆း၄၊၂း၆၊၆း၄)ဆိုတဲ့ရလဒ်နဲ့ ဂျိုကိုဗစ်ကို အနိုင်ရခဲ့ပြီး စတုတ္တအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲကနေ ထွက်လိုက်ရလို့ ဂျိုကိုဗစ်အတွက် ၂၀၁၇ နောက်ပိုင်း ဂရင်းစလမ် ချန်ပီယံ ဆုတစ်ခုမှ မရယူနိုင်တဲ့ ပထမဆုံးနှစ်လည်း ဖြစ်သွားခဲ့ရပါတယ်။
အခုအဆင့်မှာ ဂျိုကိုဗစ်ကို အနိုင်ယူခဲ့တဲ့ ပိုပီရင်က စတုတ္ထအဆင့်မှာ အမေရိကန်တင်းနစ်သမား တီယာဖိုနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။