၂၀၂၃-၂၄ ဘောလုံးရာသီအတွင်း ဥရောပဘောလုံးပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက ဩဂုတ်လ ၂၇ ရက်နေ့မှာ လက်ခံရယူခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဟယ်ရီကိန်း ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၃၆ ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က ရွှေဖိနပ်ဆုရခဲ့တဲ့ ကယ်ဗင်ဖီးလစ်နောက်ပိုင်း ဒီဆုကိုရတဲ့ ပထမဆုံး အင်္ဂလန်တိုက်စစ်မှူး ဖြစ်လာခဲ့တာပါ။
ဒါ့အပြင် ဂတ်မူလာနဲ့ လီဝန်ဒေါစကီးတို့ပြီးနောက် ရွှေဖိနပ်ဆုကို ရယူနိုင်တဲ့ တတိယမြောက် ဘိုင်ယန်မြူးနစ် ကစားသမားအဖြစ်လည်း ဟယ်ရီကိန်းက မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆုလက်ခံရယူအပြီးမှာ ဟယ်ရီကိန်းက အခုလို ရွှေဖိနပ်ဆုရတာက အံ့ဩစရာကောင်းတဲ့ ခံစားချက်ဖြစ်သလို ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။
၁၉၆၇-၆၈ ဘောလုံးရာသီမှာ စတင်ပေးအပ်ခဲ့တဲ့ ဥရောပရွှေဖိနပ်ဆုဟာ ဥရောပရဲ့အမှတ်ပေးပြိုင်ပွဲတွေမှာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဟယ်ရီကိန်းအတွက်တော့ အခုရွှေဖိနပ်ဆုက သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ဥရောပရွှေဖိနပ်ဆုလည်း ဖြစ်လာခဲ့ပါတယ်။