ဘရန်ဖို့ဒ်အသင်းဟာ လီဗာပူးအသင်းရဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒန်ဘတ်ဂျ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဗန်ဒန်ဘတ်ဂျ်ဟာ လေဗာကူဆင်အသင်းအပါအဝင် ကလပ် အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးနောက် ဘရန်ဖို့ဒ်အသင်းကို ၅ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဘရန်ဖို့ဒ်အသင်းဟာ ဗန်ဒန်ဘတ်ဂျ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ကို အရင် ပေးချေရမှာဖြစ်ပြီး အပိုဆုကြေးအဖြစ် ပေါင် ၅ သန်း ထပ်ပြီးပေးရမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းကလည်း အနာဂတ်မှာ ဗန်ဒန်ဘတ်ဂျ်ရဲ့ အပြောင်းအရွှေ့ကနေ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို ရရှိသွားမှာဖြစ်တယ်လို့ သဘောတူညီမှု ရထားခဲ့ပါတယ်။
ဘရန်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်ကတော့ ဗန်ဒန်ဘတ်ဂျ်ကို ခေါ်ယူမှုက အသင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှုဖြစ်တယ်လို့ ပြောထားပါတယ်။
ဗန်ဒန်ဘတ်ဂျ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ဂျာမန်ကလပ် မိန့်ဇ်အသင်းမှာ အငှားသွားကစားခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ၃၃ ပွဲအထိ ပါဝင်ကစားပေး ခဲ့တာဖြစ်ပါတယ်။
၂၀၁၉ မှာ ဇဝိုလီအသင်းကနေ လီဗာပူးကို ရောက်လာခဲ့တဲ့ ဗန်ဒတ်ဘတ်ဂျ်ဟာ လီဗာပူး အသင်းမှာ ပွဲထွက်ခွင့်ရဖို့ကို ရုန်းကန်ခဲ့ရပြီးနောက် ဘရန်ဖို့ဒ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။