ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒိန်းမတ်တိုက်စစ်မှူး ဘရိတ်ဝိတ်ဟာ အသင်းဟောင်းဖြစ်တဲ့ အက်စ်ပန်ညိုအသင်းကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မစ်ဒယ်ဘရောနဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘရိတ်ဝိတ်ဟာ ၂၀၂၂ မှာ အက်စ်ပန်ညိုအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက ဆီဂန်ဒါကို တန်းဆင်းသွားခဲ့တဲ့ အက်စ်ပန်ညိုအသင်းနဲ့အတူ ကြိုးစား ကစားပေးခဲ့တာ ဖြစ်ပါတယ်။
အက်စ်ပန်ညိုအသင်းနဲ့အတူ ဆီဂန်ဒါ ၂၉ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူပေးခဲ့သလို ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် ရာသီအကုန်မှာ အက်စ်ပန်ညိုနဲ့စာချုပ်ကို နှစ်ဖက်သဘောတူ ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း အက်စ်ပန်ညိုအသင်းရဲ့ သူ့အပေါ် ဆက်ဆံပုံတွေကို သဘောမကျတဲ့အတွက် အသက် ၃၃ နှစ်အရွယ် ဘရိတ်ဝိတ်ဟာ အသင်းကို ဝယ်ယူဖို့အတွက် ကြိုးစား နေတာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။
လက်ရှိမှာ ဘရာဇီးကလပ် ဂရီမီယိုအသင်းကို ရောက်ရှိနေတဲ့ ဘရိတ်ဝိတ်ဟာ အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနဲ့ အဝတ်အထည်လုပ်ငန်းတွေ ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အချမ်းသာဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် Forbes ရဲ့ ဖော်ပြမှုမှာ နှစ်စဉ် ပါဝင်ခွင့် ရခဲ့တာဖြစ်ပါတယ်။