လက်စတာစီးတီးနည်းပြဟောင်း ရှိတ်စပီးယားဟာ အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တွေက အတည်ပြုသွားခဲ့ပါတယ်။
ရှိတ်စပီးယားဟာ ၂၀၂၃ အောက်တိုဘာလထဲက ကင်ဆာရောဂါ ကုသမှုတွေ ပြုလုပ်နေခဲ့ရတာဖြစ်ပါတယ်။
လက်စတာအသင်းအပါအဝင် ဝက်စ်ဘရွန်း၊ ဟူးလ်စီးတီး၊ အဲဗာတန်၊ ဝက်ဖို့ဒ်၊ ဗီလာနဲ့ နော့ဝှစ်ချ်အသင်းတွေကို တာဝန်ယူခဲ့တဲ့ နည်းပြ ရှိတ်စပီးယားဟာ ၂၀၁၆ တုန်းက အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးတာဖြစ်ပါတယ်။
ရှိတ်စပီးယားဟာ မိသားစုတွေနဲ့အတူ နေထိုင်တဲ့ နေအိမ်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုကိုယ်စား လိဂ်မန်နေဂျာ အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရှိတ်စပီးယားဟာ ၂၀၁၅-၁၆ ဘောလုံးရာသီတုန်းက ပရီးမီးယား လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းမှာ နည်းပြ ရေနီယာရီရဲ့ လက်ထောက်နည်းပြအဖြစ် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ဖေဖော်ဝါရီမှာ လက်စတာအသင်းရဲ့ ယာယီနည်းပြဖြစ်လာခဲ့တဲ့ ရှိတ်စပီးယားဟာ ရလဒ် ကောင်းတွေကြောင့် (၂၀၁၇) ဇွန်လမှာ ၃ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။