ဖူလ်ဟမ်အသင်းဟာ အင်္ဂလန်ကွင်းလယ်လူ စမစ်ရိုးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ဖို့ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုရခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ စမစ်ရိုးအတွက် ဖူလ်ဟမ်အသင်းဟာ ပြောင်းရွှေ့ကြေးပေါင် ၂၇ သန်းအပြင် နောက်ထပ်အပိုဆုကြေး ပေါင် ၇ သန်းပေးဖို့ကိုပါ သဘောတူခဲ့တယ်လို့ သိရပါတယ်။
အပိုဆုကြေးကတော့ စမစ်ရိုးကစားနေချိန်ကာလအတွင်း ဖူလ်ဟမ်အသင်းရဲ့ ဖလားအောင်မြင်မှုနဲ့ ဥရောပအောင်မြင်မှုတွေကို မူတည်ပြီး ပေးသွားမှာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် စမစ်ရိုးဟာအပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ဖို့အတွက် အာဆင်နယ်အသင်းရဲ့ အမေရိကန်ခြေစမ်းခရီးကို လိုက်ပါခြင်း မရှိခဲ့တာလို့ သိရပါတယ်။
အာဆင်နယ် အကယ်ဒမီထွက် စမစ်ရိုးဟာ အသင်းကြီးအတွက် ကစားပေးခွင့်ရချိန်မှာ ပရိသတ်အားပေးမှုကို ရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ကို ရုန်းကန်လာခဲ့ရတာဖြစ်ပါတယ်။ အသင်းရဲ့ တောင်ပံတိုက်စစ်မှာ မာတင်နယ်လီ၊ ထရော့ဆက်နဲ့ ဆာကာတို့ကို ပွဲထွက်ခွင့်အတွက် စမစ်ရိုး မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။ စမစ်ရိုးဟာ အင်္ဂလန်လက်ရွေးစင်အဖြစ် ၃ ပွဲကစားခွင့်ရထားခဲ့ပြီး ၂၀၂၂ က နောက်ဆုံး ကစားပေးထားခဲ့တာဖြစ်ပါတယ်။