စီးရီးအေကလပ် ကိုမိုအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ကစားသမားဟောင်း ဗာရန်းကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဗာရန်းဟာ နည်းပြဖာဘရီဂတ်စ်ကိုင်တွယ်နေတဲ့ ကိုမိုအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။ ကိုမိုအသင်းဟာ ဗာရန်းကို (၂)နှစ်စာချုပ်အပြင် ကြိုက်နှစ်သက်ရင်(၁)နှစ် သက်တမ်းတိုးခွင့်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
ဗာရန်းဟာ အသင်းအတွက် ထူးခြားတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို သူ့ကိုခေါ်ယူနိုင်ခဲ့တာက အသင်းရဲ့ရည်မှန်းချက်ကိုလည်း ပေါ်လွင်စေခဲ့တယ်လို့ နည်းပြဖာဘရီဂတ်စ်ကပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ (၁၀)နှစ်ကြာ ကစားခဲ့ပြီးနောက် မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဗာရန်းဟာ မန်ယူကစားသမားဘဝ (၃)ရာသီအတွင်း ပြိုင်ပွဲစုံ(၉၅)ပွဲအထိ ကစားပေးခဲ့ပါတယ်။