ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ ဂန်ဝမ် FC အသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရထားတဲ့ တောင်ကိုရီးယားလူငယ်ကစားသမား ယန်မင်ဟွတ်ကို ဇူလိုင်လ(၂၈)ရက်နေ့မှာ ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။
အသက်(၁၈)နှစ်အရွယ်သာရှိသေးပေမယ့် ယန်မင်ဟွတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဂန်ဝမ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် စပါးအသင်းက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
စပါးအသင်းဟာ ယန်မင်ဟွတ်ကို (၂၀၃၀)ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ ကြေးကိုတော့ တရားဝင်ဖော်ပြမထားတာကို တွေ့ရပါတယ်။
စပါးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာက ဂုဏ်ယူ စရာကောင်းသလို တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကြောင့် စပါးအသင်းကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ယန်မင်ဟွတ်က ပြောပါတယ်။
ယန်မင်ဟွတ်ဟာ စပါးအသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ခေါ်ယူနိုင်ခဲ့တဲ့ တတိယမြောက် တောင်ကိုရီးယားကစားသမားဖြစ်လာခဲ့သလို (၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလမှာ အသင်းနဲ့အတူ စတင်ပူးပေါင်းသွားမှာဖြစ်တယ်လို့လည်း စပါးအသင်းက တရားဝင်ကြေညာခဲ့ပါတယ်။