ယူရို(၂၀၂၄)ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အောင်ပွဲခံခဲ့ရာမှာ စပိန်ကစားသမားတွေဖြစ်ကြတဲ့ ရိုဒရီနဲ့ မိုရာတာတို့ရဲ့အပြုအမူကို ယူအီးအက်ဖ်အေက စွဲချက်တင်သွားခဲ့ပါတယ်။
ရိုဒရီနဲ့ မိုရာတာတို့ဟာ ယူရို (၂၀၂၄)ဖလားကို ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြရာမှာ ဂျီဘရော်တာနိုင်ငံဟာ စပိန်ပိုင်ဖြစ်တယ်ဆိုတဲ့ စာသားပါဝင်တဲ့ သံချပ်ကို သီဆိုခဲ့ကြတာပါ။
ဒါကြောင့်မလို့ ယူအီးအက်ဖ်အေက အဖြစ်အပျက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဇူလိုင်လ(၂၃)ရက်နေ့ကစတင်ပြုလုပ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာ ကစားသမားတွေကို စွဲချက်တင်လိုက်တာဖြစ်ပါတယ်။
ဂျီဘရော်တာနိုင်ငံဟာ စပိန်တောင်ဘက်စွန်းမှာ တည်ရှိနေပေမယ့် ဗြိတိန်ပိုင်နက်အတွင်းမှာရှိတာကြောင့် အခုသံချပ်က နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး ဂျီဘရော်တာဘောလုံးအဖွဲ့ချုပ်က ယူအီးအက်ဖ်အေကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ရိုဒရီ၊ မိုရာတာတို့အနေနဲ့ ဒီအဖြစ်အပျက်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံခဲ့ရရင် ပြစ်ဒဏ်ကျခံသွားရဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။