၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရခဲ့တဲ့ ချက်တင်းနစ်မယ် ဗွန်ဒရိုဆိုဗာဟာ လက်ဒဏ်ရာကြောင့် လာမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ဇူလိုင်လ ၂၂ ရက်က အတည်ပြုခဲ့ပါတယ်။
ဗွန်ဒရိုဆိုဗာဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဆီဒင် သတ်မှတ်မခံရပေမယ့် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဆွစ်ဇာလန်တင်းနစ်မယ် ဘန်ဆစ်ကို ရှုံးနိမ့်ခဲ့တာပါ။
ဒဏ်ရာပြဿနာကြောင့် ပဲရစ်အိုလံပစ်ပြိုင်ပွဲကို လွဲချော်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အသက် ၂၅ နှစ်အရွယ် ဗွန်ဒရိုဆိုဗာက ကြေညာချက်မှာ ရေးထားပါတယ်။
ဒဏ်ရာကြောင့် ဝင်မပြိုင်ဖြစ်တော့တဲ့ ဗွန်ဒရိုဆိုဗာရဲ့ နေရာမှာ နောက်ထပ် ချက်တင်းနစ်မယ်တစ်ဦးဖြစ်တဲ့ စီနီယာကိုဗာက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
စီနီယာကိုဗာ ကတော့ ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့သလို ဂရင်းစလမ် နှစ်ယောက် တွဲ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ၉ ကြိမ်အထိ ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဗွန်ဒရိုဆိုဗာဟာ ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်ဒန် ချန်ပီယံဆုကို ရခဲ့ပေမယ့် အခုနှစ်ပြိုင်ပွဲမှာတော့ ပထမအဆင့်မှာပဲ ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း ပထမအဆင့်ကနေ ထွက်ခဲ့ရတဲ့ ပထမဆုံး လက်ရှိချန်ပီယံအဖြစ် မှတ်တမ်းဝင်ထားခဲ့တာ ဖြစ်ပါတယ်။