၂၀၂၄ အိုလံပစ်အားကစားသမားတွေ နေထိုင်ကြမယ့် အိုလံပစ်ရွာကို ဇူလိုင်လ ၁၆ ရက်နေ့က တရားဝင်ဖွင့်လှစ် ခဲ့ပြီး အားကစားသမားတွေကို ဇူလိုင်လ ၁၈ ရက်နေ့မှာ စတင်လက်ခံသွားမယ်လို့ သိရပါတယ်။
၂၀၂၄ အိုလံပစ် ပြိုင်ပွဲ ကျင်းပရေးကော်မတီဟာ အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ် ပြိုင်ပွဲဝင်ပေါင်း ၂ သောင်းကျော်ကို လက်ခံပေး သွားမယ့် အိုလံပစ်ရွာကို ပြိုင်ပွဲမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပြီး အိုလံပစ်ရွာမှာ အသင်းတွေ နေထိုင်မယ့်နေရာကို သေချာလေး စီစဉ်ပေးထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် အိုလံပစ်ရွာအတွင်းမှာ လေ့ကျင့်ရေးခန်းမတွေကိုလည်း ထည့်သွင်းပေးထာသလို တားမြစ်ဆေး စစ်ဆေးမှုတွေ ပြုလုပ်နိုင်တဲ့ စင်တာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
အိုလံပစ်ပြိုင်ပွဲဝင်တွေ အားလပ်ချိန်မှာ အေးအေးဆေးဆေး အနားယူ လို့ရမယ့် နေရာတွေကိုလည်း ဖန်တီးပေးထားပြီး ပဲရစ်အိုလံပစ်ပြိုင်ပွဲကို လာရောက်မယ့် ပြိုင်ပွဲဝင်တွေအတွက် စိတ်ကျေနပ်မှု အပြည့်အဝရမှာ သေချာတယ်လို့ အိုလံပစ်ရွာ တည်ဆောက်မှုရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။
အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို ဩဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာ ၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါ တယ်။