ဗြိတိန်နံပါတ်-၁ တင်းနစ်မယ် ကေတီ ဘော်လ်တာနဲ့ ကမ္ဘာ့အဆင့်-၉ ဩစတြေးလျတင်းနစ်သမား ဒီမီနောတို့ စေ့စပ်လိုက်ကြပြီဖြစ်တယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘော်လ်တာနဲ့ ဒီမီနောတို့ဟာ ချစ်သူ သက်တမ်း ၅ နှစ်နီးပါးအကြာမှာ အခုလိုမျိုး စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။
ယူနိုက်တက်ဖလားပွဲအဖြစ် ဗြိတိန် အသင်းနဲ့ ဩစတြေးလျအသင်းတို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ယှဉ်ပြိုင်ဖို့ရှိနေပြီး ဘော်လ်တာက ဗြိတိန်အသင်းမှာ ပါဝင်နေသလို ဒီမီနောကလည်း ဩစတြေးလျအသင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဘော်လ်တာနဲ့ ဒီမီနောတို့ဟာ သက်ဆိုင်ရာအသင်းတွေရဲ့ ရွေးချယ်တာကို ခံရမယ်ဆိုရင် အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။
ဒီမီနောနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရဖို့ရှိနေတဲ့အတွက် ဝမ်းမသာမိပေမယ့် စိတ်တော့ လှုပ်ရှားမိပါတယ်လို့ စေ့စပ်ကြောင်း မကြေညာခင် သတင်းစာရှင်းလင်းပွဲမှာ ဘော်လ်တာက ပြောထားပါတယ်။ ဘော်လ်တာနဲ့ ဒီမီနောတို့ဟာ ၂၀၂၃ ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်မှာ အတူပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယအဆင့်ထိ တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။