ဗြိတိန် အဆင့်-၁ တင်းနစ်သမား ဂျက်ဒါပါဟာ တင်ပါးဒဏ်ရာကြောင့် ၂၀၂၅ တင်းနစ်ရာသီအစ ပြိုင်ပွဲဖြစ်တဲ့ ယူနိုက်တက်ဖလား အသင်းလိုက်ပြိုင်ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဒီဇင်ဘာ ၁၉ ရက်နေ့က အတည်ပြုခဲ့ပါ တယ်။ အသက် ၂၂ နှစ်အရွယ် ဒါပါဟာ ရာသီကြိုလေ့ကျင့်မှုအဖြစ် စပိန်တင်းနစ်သမား အယ်ကာရက်ဇ်နဲ့ လေ့ကျင့်နေမှုကို ဒဏ်ရာကြောင့် ဖျက်သိမ်းလိုက်ရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ စတင်မယ့် ယူနိုက်တက်ဖလား ပြိုင်ပွဲမှာ ဗြိတိန်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ဒါပါက အတည်ပြုသွားခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၅ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒါပါက ပြောသွားခဲ့ပါတယ်။
ဒါပါဟာ ၂၀၂၄ တင်းနစ်ရာသီ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သလို အေတီပီတိုးပြိုင်ပွဲတွေဖြစ်တဲ့ စတုဂတ်အိုးပင်းနဲ့ ဗီယင်နာ အိုးပင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုရခဲ့ပြီးနောက် ရာသီကုန် ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့်-၁၅ အထိ တိုးတက် လာခဲ့တာဖြစ်ပါတယ်။ ဒါပါအနေနဲ့ ခရစ္စမတ်ကာလကို ဗြိတိန်မှာပဲ ကုန်ဆုံးမှာဖြစ်ပြီး ဒီဇင်ဘာလကုန်မှာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကို ထွက်ခွာပြီး ဩစတြေးလျအိုးပင်းအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။