မက္ကဆီကို ဒရိုင်ဗာ ပီရက်ဇ်နဲ့ ရက်ဘူးလ်အသင်းတို့ဟာ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးပေမယ့် နှစ်ဖက် သဘောတူလမ်းခွဲဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ အခုရာသီမှာ ပီရက်ဇ်ရဲ့ စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာမှုအပေါ် ရက်ဘူးလ်အသင်းဘက်က အားမရဖြစ်နေတယ်လို့ သတင်းတွေထွက်အပြီး တစ်ပတ်အကြာမှာ အခုလိုမျိုး လမ်းခွဲဖို့ကို ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။
ပီရက်ဇ်ရဲ့ ရက်ဘူးလ် အသင်းဖော် ဗာစတက်ပန်က စွမ်းဆောင်ရည်ကောင်းနဲ့အတူ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၄ နှစ်ဆက် သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပီရက်ဇ်ကတော့ အခုရာသီ ဂရင်းပရီနိုင်ပွဲမရခဲ့သလို ချန်ပီယံဆုအတွက် ရပ်တည်မှု မှာလည်း အဆင့် ၈ နေရာမှာသာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။အသက် ၃၄ နှစ်အရွယ် ပီရက်ဇ်ဟာ ၂၀၂၁ ခုနှစ်တည်းက ရက်ဘူးလ်အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ၄ နှစ်တာကာလအတွင်း အသင်းနဲ့အတူ အမှတ်တရတွေ အများကြီးရှိခဲ့တယ်လို့ ပီရက်ဇ်က ပြောပါတယ်။
ရက်ဘူးလ်အသင်းဟာ ပီရက်ဇ်ရဲ့နေရာမှာ အသက် ၂၂ နှစ် အရွယ် နယူးဇီလန်နိုင်ငံသား လော်ဆန်ကို အစားထိုးဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ လော်ဆန်ကတော့ ရက်ဘူးလ်အသင်းရဲ့ ညီနောင်အသင်းဖြစ်တဲ့ ရက်ဘူးလ် ရေးဆင်းအသင်းဒရိုင်ဗာဖြစ်ပြီး ၂၀၂၄ ဖော်မြူလာဝမ်းရာသီရဲ့ နောက်ဆုံး ပွဲစဉ် ၆ ခုကို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတာဖြစ်ပါတယ်။