ကွင်းလယ်ကစားသမား မေဆန်မောင့်ရဲ့ ကြွက်သားဒဏ်ရာကို အထူးကုနဲ့ပြသဖို့ စီစဉ်ထားတယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ မန်ချက်စတာဒါဘီပွဲထွက် လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် ပွဲအစပိုင်း ၁၄ မိနစ်မှာပဲ ကြွက်သားဒဏ်ရာရခဲ့ပြီး ကိုဘီမိုင်နူးနဲ့ လူစားလဲခံလိုက် ရတာဖြစ်ပါတယ်။
မေဆန်မောင့်ဟာ ဒဏ်ရာပြဿနာကြောင့် အချိန်ကာလတစ်ခုကြာ အနားယူရမှာဖြစ်ပြီး အနားယူရမယ့် ကာလအတိအကျကိုတော့ ဆေးစစ်မှုတွေသေချာလုပ်ပြီးမှ ပြောနိုင်မယ်လို့ နည်းပြ အမ်မိုရင်က စပါးအသင်းနဲ့ကစားမယ့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြောကြားသွားပါတယ်။ မေဆန်မောင့်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအစပိုင်းမှာ ချဲလ်ဆီးအသင်းကနေ မန်ယူအသင်းကိုရောက်ရှိလာခဲ့ပြီး မန်ယူအသင်းရဲ့ ဂန္ထဝင်နံပါတ် ကျောနံပါတ် ၇ ကို ရယူခဲ့လို့ စောင့်ကြည့်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ မေဆန်မောင့်ဟာ မန်ယူအသင်းကို ရောက်ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို ခြေစွမ်းလည်း မပြနိုင်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အခုလိုမျိုး ဒဏ်ရာတွေမကြာခဏရနေတဲ့အတွက် မေဆန်မောင့် ကိုယ်တိုင် ဝမ်းနည်းနေသလို မိမိတို့အနေနဲ့ သူ့ကို အတတ်နိုင်ဆုံး ကူညီပေးဖို့ လိုအပ်တယ်လို့လည်း မန်ယူနည်းပြ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။