မနေ့ညကကစားခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အသင်းရဲ့တိုက်စစ်မှူး ဂျီးဆပ်အနေနဲ့ ပြန်လည်တောက်ပလာလိမ့်မယ်လို့ အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာက မျှော်လင့်နေပါတယ်။ ပဲလေ့စ် အသင်းနဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက (၃)ဂိုး၊ (၂)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဂျီးဆပ် က ဟတ်ထရစ်သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာပါ။
ဂျီးဆပ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတည်းက ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် အခုသွင်းဂိုးတွေက သူ့ကိုပြန်လည်တောက်ပလာဖို့အတွက် ခွန်အားဖြစ်စေ လိမ့်မယ်လို့ နည်းပြအာတီတာက မျှော်လင့်နေပါတယ်။ ရလဒ်ကောင်းတွေကိုရဖို့အတွက် အသင်းရဲ့တိုက်စစ်မှူး ဂျီးဆပ်ကလည်း အားကိုးလို့ရတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အခွင့်အရေးတွေ ပိုပြီးတော့ပေးသွားမယ်လို့ လည်း နည်းပြအာတီတာက ပြောပါတယ်။
တိုက်စစ်မှူးတစ်ယောက်ဖြစ်တာကြောင့် အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုသွင်းယူပေးဖို့ဆိုတာက သူ့ရဲ့တာဝန်ဖြစ်တယ်လို့ ဂျီးဆပ်က ပဲလေ့စ်အသင်းနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပဲလေ့စ်အသင်းကို အနိုင်ရပြီး လိဂ်ဖလား၊ ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ပဲလေ့စ်အသင်းနဲ့ပဲ ထပ်မံရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။