အားကစားဒါရိုက်တာ အက်စ်ဝေါ့ ထွက်ခွာသွားမှုက အသင်းအတွက် ကောင်းတဲ့အခြေအနေတစ်ခုမဟုတ်ဘူးလို့ မန်ယူနည်းပြ အမ်မိုရင်က သုံးသပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အက်စ်ဝေါ့ ထွက်ခွာမှုက မန်ယူအသင်းရဲ့ ပြင်ဆင်နေတဲ့ လမ်းကြောင်းကို ထိခိုက်စေမှာမဟုတ်ဘူးလို့တော့ အမ်မိုရင်ကဆိုပါတယ်။
အားကစားဒါရိုက်တာ အက်စ်ဝေါ့ဟာ မန်ယူအသင်းဆီကို ရောက်လာပြီး ၅ လအကြာမှာပဲ ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ပယ်လ်ဇန်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲမတိုင်ခင် အင်တာဗျူးမှာ အမ်မိုရင်က အက်စ်ဝေါ့ထွက်ခွာမှုနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် သူ့အမြင်ကို ထုတ်ပြောခဲ့တာလည်းဖြစ်ပါတယ်။ အသင်းကိုစတင်ရောက်ရှိ လာချိန်ထဲက အသင်းပိုင်ရှင်တွေအပါအဝင် တာဝန်ရှိသူတွေရဲ့ အကူအညီတွေရခဲ့သလို အက်စ်ဝေါ့ကလည်း အကောင်းဆုံးကူညီခဲ့သူတွေထဲက တစ်ဦးဖြစ်တယ်လို့ အမ်မိုရင်က ပြောသွားခဲ့တာပါ။
အက်စ်ဝေါ့လို အရည်အချင်းရှိတဲ့လူတစ်ယောက် ထွက်ခွာသွားမှုက အသင်းရဲ့ လုပ်ငန်းစဉ်ကို အားနည်းသွားစေနိုင်ပေမယ့် ဘောလုံးလောကမှာ ဒီလို ခွဲခွာမှုမျိုးက ဖြစ်လေ့ဖြစ်ထရှိတာကြောင့် အသင်းကို အရမ်းကြီးထိခိုက်စေမယ်လို့တော့ မထင်ဘူးလို့ အမ်မိုရင်က ပြောပါတယ်။မန်ယူအသင်းဟာ နည်းပြသစ်အမ်မိုရင်လက်ထက်မှာလည်း တည်ငြိမ်မှုရဖို့ကို ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်ရှုံးနိမ့်ခဲ့သလို အခုတစ်ပတ်မှာလည်း မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲ ကစားရဖို့ရှိနေတာဖြစ်ပါတယ်။