၂၀၃၄ ခုနှစ် မှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ရွေးချယ်ခံခဲ့ရ တယ်လို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှာ ဖီဖာက အတည်ပြုခဲ့ပါတယ်။
(၂၀၃၀)ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ စပိန်၊ ပေါ်တူဂီ၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ အာဂျင်တီးနားနိုင်ငံတို့က ပူးတွဲကျင်းပသွားကြမှာဖြစ်ပေမယ့် (၂၀၃၄)ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ ဆော်ဒီနိုင်ငံက တစ်နိုင်ငံတည်း ကျင်းပခွင့် ရခဲ့တာဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ ကမ္ဘာ့ဖလား ကျင်းပခွင့် လျှောက်ထားမှုကို စစ်ဆေးခဲ့ရာမှာ စည်းကမ်းချက်တွေနဲ့ ကိုက်ညီနေတာကြောင့် ကမ္ဘာ့ ဖလားကျင်းပ ခွင့်ရခဲ့တာလို့ ဖီဖာက တရားဝင်စာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက် ကြည့်ရှုကြမယ့် ပရိသတ်တွေကို အဆင်ပြေချောမွေ့စေချင်သလို ပြိုင်ပွဲအပေါ် နှစ်သက်သဘောကျဖို့အတွက် အဓိက ဦးစားပေး ထားတယ်လို့လည်း ဖီဖာရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားခဲ့ပါတယ်။ ဆော်ဒီနိုင်ငံဟာ (၂၀၃၄)ကမ္ဘာ့ ဖလားပြိုင်ပွဲကို ဘောလုံးကွင်း(၁၅)ကွင်းမှာ ကျင်းပသွားဖို့ ရည်ရွယ်ထားပြီး အဲဒီထဲက (၄)ကွင်းကိုတော့ ဆောက်လုပ်ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။