အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု(B)ရဲ့ ဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ(၁၂)ရက်မှာ ကစားမဲ့ ဖိလစ်ပိုင်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။
မြန်မာအသင်းအနေနဲ့ အဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့မှာ အင်ဒိုနီးရှားအသင်းနဲ့ကစားခဲ့ပြီး တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ပထမပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဖိလစ်ပိုင်အသင်းနဲ့ပွဲက အရေးကြီးနေပြီး အနိုင်သုံးမှတ်ရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဦးမျိုးလှိုင်ဝင်းက ပြောကြား လိုက်တာဖြစ်ပါတယ်။
မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ဟာ ဒီဇင်ဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီမှာ ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့ရှိ Rizal Memorial အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပွဲနဲ့ပတ်သက်ပြီး မြန်မာအသင်းရဲ့ ကွင်းလယ်လူ လွင်မိုးအောင်ကလည်း မြန်မာအသင်းအနေနဲ့ အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်ထားသလို ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။
မြန်မာအသင်းဟာ အုပ်စု(B)မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို အသင်းတွေနဲ့အတူကျရောက်နေပြီး တစ်ပွဲကစားပြီးချိန်မှာ အုပ်စုတတိယနေရာမှာ ရပ်တည်နေပါတယ်။