စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိချိန်မှာ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းသွားခဲ့တဲ့ အင်နီယို့စ်ကို တရားစွဲဖို့အတွက် စီစဉ်နေတယ်လို့ နယူးဇီလန်ရပ်ဘီအသင်းက ကြေညာခဲ့ပါတယ်။ နယူးဇီလန်လက်ရွေးစင် အမျိုးသားရပ်ဘီ အသင်းနဲ့ အမျိုးသမီးလက်ရွေးစင် ရပ်ဘီအသင်းတွေကို ၂၀၂၂ ကနေ ၂၀၂၇ အထိ အင်နီယို့စ်ဘက်က စပွန်ဆာ ပေးမယ့် စာချုပ်ကို ၂၀၂၁ မှာ ချုပ်ဆိုခဲ့တာပါ။

နယူးဇီလန်ရပ်ဘီအသင်းရဲ့ကြေညာချက်အရ ၂၀၂၅ အတွက် ရရှိမယ့် ပထမအရစ်ကို အင်နီယို့စ်ဘက်က ပေးချေတာမရှိတဲ့အတွက် ဥပဒေအတိုင်းဆက်လက် လုပ်ဆောင်ရုံက လွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးလို့ သိရပါတယ်။ စပွန်ဆာပေးဖို့ သဘောတူညီချက်ကို အင်နီယို့စ်ဘက်က ဖောက်ဖျက်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့လည်း နယူးဇီလန်ရပ်ဘီ ဆက်သွယ်ရေးအရာရှိ ပေါလ်စတီဗန်က ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ နယူးဇီလန်ရပ်ဘီအသင်းနဲ့ အင်နီယို့စ်တို့ရဲ့ စာချုပ်က တစ်နှစ်ကို ဒေါ်လာ ၄ ဒသမ ၅ သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။ နယူးဇီလန်ရပ်ဘီအသင်းတွေအပေါ် ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှု မြင့်တက်နေဆဲဖြစ်တဲ့အတွက် စပွန်ဆာအသစ်ကို မကြာခင်မှာ ရှာဖွေသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း စတီဗန်က ပြောသွားခဲ့ပါတယ်။